NLD အောင်နိုင်ရေး လှည့်လည်တဲ့ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်သဖြင့် NLD ပါတီ ထောက်ခံသူတချို့ ဒဏ်ရာများ ရရှိ

 NLD အောင်နိုင်ရေး လှည့်လည်တဲ့ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်သဖြင့် NLD ပါတီ ထောက်ခံသူတချို့ ဒဏ်ရာများ ရရှိ

--------------------------------------------

ကျိုက်ထို ၂၀၂၀ အောက်တိုဘာ ၄



မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ကျောင်းစုပိုင်း ရှိ (ဒေသအခေါ် ဦးစိုးဝင်း ဇရပ် ကွေ့) ကျိုက်ထို-ကင်မွန်းချောင်းသွား လမ်းပေါ်မှာ ယနေ့ အောက်တိုဘာလ (၄) ရက်နေ့ မနက်ပိုင်းက NLD ပါတီ အောင်နိုင်ရေး အတွက် လှည့်လည်တဲ့ မော်တော်ယာဉ် တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ လူ (၈) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ဖြစ်စဉ်မှာ ယနေ့ မနက်(၁၀) နာရီခွဲ အချိန်ခန့်က ကျိုက်ထိုဘက်မှ ကင်မွန်းချောင်း ကျေးရွာဘက်ကို NLD ပါတီ အောင်နိုင်ရေးအတွက် CAR Campaing လှည့်လာသော မော်တော်ယာဉ် (၁၀၀) ကျော်ပါသော ယာဉ်တန်းတွင် နောက်ဆုံးမှ လိုက်ပါလာသော ကျိုက်ထို၊ မလော့ချောင် ကျေးရွာနေ ယာဉ်မောင်း ကိုထက် (၃၀) နှစ် မောင်းလာသော ဟိုက်ဂျက် အဖြူရောင် ယာဉ်မှာ ကင်မွန်းချောင်း ကျေးရွာ ကျောင်းစုပိုင်းရပ်ကွက် ကျိုက်ထို-ကင်မွန်းချောင်း ကားလမ်း မိုင်တိုင်အမှတ်(၇/၃)နှင့်(၇/၄)အကြား(ဦးစိုးဝင်း ဇရပ်ကွေ့) အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ် ယာဉ်ကြောပေါ်မှာ လဲကျ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ကိုထက်မှာ ထွက်ပြေး တိမ်းရှောင် သွားတယ်လို့ သိရပါတယ်။


လက်ရှိ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ မအိချော (၃၀) နှစ်၊ မသဲသဲဇင် (၁၈)နှစ်၊ မောင်သီဟဇင် (၁၂ )နှစ်၊ မဇူလိုင်မေ (၁၆) နှစ်၊ မောင်ကျော်ဝင်းအောင် (၁၆) နှစ်၊ မသီတာလင်း (၁၈) နှစ်၊ မပွင့်ဖြုအောင် (၁၄) နှစ်၊ မောင်မင်းခန့်အောင် (၁၃) နှစ်တို့မှာ ဒဏ်ရာများ ရရှိခဲ့တာကြောင့် ကင်မွန်းချောင်း တိုက်နယ် ဆေးရုံသို့ တင်ပို့ကာ ဆေးကုသမှု ခံယူနေပြီး မအိချောနှင့် မောင်သီဟဇင်တို့ (၂) ဦးမှာ ရရှိ ဒဏ်ရာ ပြင်းထန်တာကြောင့် သထုံခရိုင် ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း တင်ပို့ထားတယ်လို့ သိရပါတယ်။



"ကားမှောက်တာဟုတ်တယ်၊ မနက်က NLD အောင်နိုင်ရေး ကား ကမ်ပိန်း လှည့်တဲ့ အဖွဲ့က ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ မှောက်တာ၊ ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်၊ (၈) ယောက် ဒဏ်ရာရတဲ့အထဲ (၂) ယောက်က ဒဏ်ရာပြင်းလို့ သထုံခရိုင် ဆေးရုံကို လွှဲထားပေးရတယ်''လို့ ကင်မွန်းချောင်း နယ်မြေ ရဲစခန်းမှူး ရဲအုပ် ဇော်ဇင်ဦးက ပြောပါတယ်။


အခုလို ယာဉ်မှောက်တာကြောင့် လူထိခိုက်ဒဏ်ရာရစေသူ ယာဉ်မောင်း ကိုထက် ကို ကင်မွန်းချောင်း နယ်မြေရဲစခန်းမှ ယာဉ် (ပ)၄/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၇/၃၃၈/၂၀၂ ဖြင့် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။


Crd :ရာမညတိုင်း(မ်)

Comments