ငပုတောမြို့နယ် သစ်တိုပင်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို တောဆင်ရိုင်းအုပ် ၀ိုင်း၀န်းတိုက်ခိုက်သဖြင့် အမျိုးသမီး ၁ ဦးဆေးရုံရောက်
-----------------------------------------------
ဧရာ၀တီတိုင်းမ်
(ငပုတော)စက်တင်ဘာလ ၂၀ ရက်။
ဧရာ၀တီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု၊ သစ်တိုပင်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို စက်တင်ဘာလ ၂၀ ရက် မနက် ၁ နာရီခွဲအချိန်ခန့်က တောဆင်ရိုင်းအုပ်တစ်အုပ် ၀ိုင်း၀န်းတိုက်ခိုက်သဖြင့် အမျိုးသမီးတစ်ဦး ဒါဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။
သစ်တိုပင်ကျေးရွာ အစွန်ရှိနေအိမ်တွင် နေထိုင်သည့် ဦးထွန်းရီသည် နေအိမ်တွင် သမီးဖြစ်သူနော်တူးမ မြေးဖြစ်သူတ်ို့နှင့်အတူအိပ်ပျော်နေစဉ် ၈ ကောင်ပါသည့် တောဆင်ရိုင်းအုပ်မှ အိမ်ကို၀ိုင်းလာသဖြင့် သမီးဖြစ်သူမှာကလေးနှင့် ထွွက်ပြေးစဉ် ဆင်နှာမောင်းနှင့်ရိုက်မိကာ ဒါဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်နေကြောင်း ကျေးရွာတာ၀န်ရှိသူ များထံမှ သိရသည်။
"အိပ်ပျော်နေကြတုန်း အိမ်ထဲ၀င်လာတာ အဖေဖြစ်တဲ့သူက အော်လည်းအော်ရော ဆင်ကအတင်း အိမ်ကိုအရှေ့အနောက် ၀ိုင်းဖြိုတဲ့ပုံစံပေါ့ ဒါဏ်ရတဲ့ကောင်မလေးက သူ့သုံးနှစ်သားကလေးကို ခေါ်ပြီးဆင်းပြေးတော့ ကျန်တဲ့ဆင်တွေကပါ သူ့ကိုလိုက်နင်းတာ ကံကောင်းလို့မသေတာ"ဟု ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးထွန်းလေး ကပြောသည်။
တောဆင်ရိုင်းအုပ် ၀ိုင်း၀န်းတိုက်ခိုက်ခံရသည့် နော်တူးမ(၂၁)နှစ်ကို ကျန်းမာရေးစစ်ဆေးမှု့များ ပြုလုပ်ပြီးနောက် ပုသိမ်မြို့အထွေထွေရောဂါကု ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ကုသနေကြောင်း သိရသည်။
Comments
Post a Comment