မြောင်မြို့တွင် NLD အာင်နိုင်ရေးလှည့်လည်စည်းရုံးပြီးအပြန် စကားများရန်ဖြစ်ရာမှ တစ်ဦးသေဆုံး
မြောင် အောက်တိုဘာ ၁၄
စစ်ကိုင်းခရိုင်၊မြောင်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးလှည့်လည်စည်းရုံးပြီး အပြန် သုံးဘီးဆိုင်ကယ်အား လုမောင်းရာကနေ စကားများရန်ဖြစ်ကြရာမှ တစ်ဦးသေဆုံးသွားခဲ့ကြောင်း မြောင်မြို့မရဲစခန်းက သိရသည်။
ဖြစ်စဉ်မှာ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာနေ နန်းဝင်း ၃၅ နှစ် သည် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြောင်မြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးလှည့်လည်စည်းရုံးပြီး ကျောက်ရစ်ကျေးသို့ ပြန်လာစဉ် နဘက်ကျေးရွာအနီး မြောင် -ပရိမ္မကားလမ်း မိုင်တိုင်အမှတ် (၁၄/၆)နဲ့ (၁၄/၇)ကြားတွင် ခေတ္တနားပြီး ပြန်ရန်သုံးဘီးဆိုင်ကယ်အား တရွာတည်းနေ အတူလာကြသော အောင်ကိုလင်း နှင့် ထွန်းထွန်းဝင်း (ခ)ကျော်သိန်းတို့မှ ''သူမောင်းမည် ငါမောင်းမည် ''ဟု အချေအတင် ပြောဆိုစကားများရန်ဖြစ်ခဲ့ကြရာ ထွန်းထွန်းဝင်း(ခ)ကျော်သိန်းမှ မကျေမနပ်ဖြစ်ကာ ကျောက်ခဲဖြင့် ကောက်ယူပစ်ပေါက်လိုက်ရာ နန်းဝင်းအား ထိမှန်ခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
ထိုသို့ ကျောက်ခဲထိမှန်သောကြောင့် နန်းဝင်း၌ (ဦးခေါင်း ယာဂျိုဇောင်း ပေါက်ပြဲဒဏ်ရာ) ရရှိသည့် အတွက် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၊ဦးနှောက်နှင့်အာရုံကြောဆေးကုသရေးဌာန၌ အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသခံယူရာမှ အောက်တိုဘာ ၁၄ ရက်နေ့၊နံနက်ပိုင်းအချိန်တွင် သေဆုံးသွားခဲ့ကြောင်း မြောင်မြို့မရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဖြစ်စဉ် နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ထွန်းထွန်းဝင်း (ခ)ကျော်သိန်း (၂၃)နှစ်ကို မြောင်မြို့မရဲစခန်းမှ ဒဏ်ရာပြင်းထန်ရရှိစေမှုဖြင့် ကနဦး (ပ)၁၀၅ /၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသော်လည်း ယခုအခါတွင် လူသေဆုံးသွားသည့် အတွက် လူသေဆုံးမှုဖြင့် ပြန်ပြောင်း အမှုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြောင်မြို့မရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဇေယျာတိုင်း
#ဇေယျာတိုင်းမ်မြောင်မြို့#NLD အာင်နိုင်ရေးလှည့်လည်စည်းရုံးပြီးအပြန် # စကားများရန်ဖြစ်#တစ်ဦးသေဆုံး
Comments
Post a Comment