သံဖြူဇရပ်မြို့မှာ ဗီယက်နမ်နိုင်ငံသားနဲ့ ဒေသခံတစ်ဦး ယာဥ်တိုက်မှု ဖြစ်စဥ်နဲ့ပတ်သက်ပြီး အမှုမဖွင့်ပေးဟုဆို
သံဖြူဇရပ်မြို့မှာ ဗီယက်နမ်နိုင်ငံသားနဲ့ ဒေသခံတစ်ဦး ယာဥ်တိုက်မှု ဖြစ်စဥ်နဲ့ပတ်သက်ပြီး အမှုမဖွင့်ပေးဟုဆို
သံဖြူဇရပ် ၊ စက်တင်ဘာ ၁၉
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ဘုရားသုံးဆူသွားရာလမ်းမှာ စက်တင်ဘာလ (၉)ရက်နေ့၊ နေ့လည်(၂)နာရီကျော် အချိန်ခန့်က ရော်ဘာခြံမှ သံဖြူဇရပ်ဘက်ကို ဆိုင်ကယ်ဖြင့် ပြန်လာတဲ့ ဒေသခံတစ်ဦးနဲ့ သံဖြူဇရပ်ဘက်မှ ဘုရားသုံးဆူဘက်သို့ ကားဖြင့်မောင်းနှင်လာတဲ့ ဗီယက်နမ်နိုင်ငံသားတို့ ယာဥ်တိုက်မှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ယာဥ်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံဦးနေမျိုးထွဋ်ကို ပရဟိတအဖွဲ့တွေက သံဖြူဇရပ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း၊ သံဖြူဇရပ်ဆေးရုံကတဆင့် မော်လမြိုင် အထွေထွေရောဂါကုဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်းနဲ့ လူနာမှာရရှိတဲ့ဒဏ်ရာတွေကြောင့် ညနေ(၅)ကျော်အချိန်ခန့်ကသေဆုံးသွားတယ်လို့ သိရပါတယ်။
အခုလို ယာဥ်တိုက်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ရပေမယ့် သံဖြူဇရပ်မြို့မရဲစခန်းက အမှုဖွင့်လှစ်ပေးခြင်းမရှိဘူးလို့ သေဆုံးသူဘက်မှ ကူညီဆောင်ရွက်ပေးနေတဲ့ ကိုသန့်စင်ရှိန်းက ပြောပါတယ်။
``လူနာကတော့ တစ်ယောက်ထဲပေါ့၊ တိုက်တဲ့သူကမုဒုံအထပ်သားစက်ရုံက ဗီယက်နမ်နိုင်ငံသားပေါ့၊ရဲစခန်းကတော့အမှုဖြစ်ပြီး တစ်ရက်က သေဆုံးသွားတဲ့ ကာယကံရှင်ရဲ့ အမျိုးသမီးကိုကိုယ်ရေးကိုယ်တာ အချက်အလက်မေးမြန်းပြီးတော့ပြန်သွားတယ်၊ နောက်တော့တစ်ခါမှမလားဘူး၊ လွန်ခဲ့တဲ့(၂)ရက်လောက်က စခန်းကိုမေးတော့စခန်းမှူးကမသိဘူးလို့ ရှေ့နေကမေးတာကို ပြောထားတယ်၊ နောက်အမှုစစ်တို့ နယ်ထိန်းတို့ကိုမေးတော့ နယ်ထိန်းကတော့ သူမေးကြည့်အုံးမယ်အမှုစစ်ကတော့ ဒီအမှုက နိုင်ငံခြားသားဖြစ်လို့ သူက ဒီနိုင်ငံသားနဲ့ တန်းတူ ဖမ်းဆီးချုပ်နှောင်တာတို့ အရေးယူတာတို့ ရဲအရေးမပိုင်ဘူးလို့ ပြောတယ်ကျွန်တော်တို့က အမှုဖွင့်ပြီးပြီးလားမေးတော့ အမှုမဖွင့်ရသေးဘူးပြောတယ်၊ ကျွန်တော်တို့ အမှုဖွင့်ဖို့စခန်းတွေ ရုံးတွေ စာတင်နေတဲ့အချိန်မှာ မနေ့တုန်းက ယာဥ်တိုက်မှု သက်သေခံကားကို ထုတ်ပေးလိုက်တယ်´´လို့ ကိုသန့်စင်ရှိန်းက ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ ဒေသခံတစ်ဦး သေဆုံးသွားပေမယ့် အမှုကပျောက်ပျက်သလို ဖြစ်နေကြောင်း၊ကာယကံရှင်တွေကို မေးမြန်းခြင်းမရှိပဲ အမှုကို သူတို့ဘာသာသူတို့ ဖြေရှင်းထားတဲ့အတွက် မျှတမှုမရှိကြောင်းနဲ့ အမှုကို အမှန်အတိုင်း ဖြစ်စေချင်ပြီး အမှုမှန်ကို ပေါ်ပေါက်စေချင်တယ်လို့ သေဆုံးသူ ဘက်မှကူညီဆောင်ရွက်ပေးနေတဲ့ ကိုသန့်စင်ရှိန်းက ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် သေဆုံးသူရဲ့ အလှူအပြီး (၂)ရက်ခန့်မှာ ဗီယက်နမ်နိုင်ငံသား ဘက်မှရှေ့နေတစ်ဦးနဲ့ စက်ရုံမှအဖွဲ့က ရောက်ရှိလာကြောင်း၊ သူတို့က အမှုနဲ့ပတ်သက်ပြီး ညှိနှိုင်းတာတွေနစ်နာကြေးလာပေးတာတို့ မဟုတ်ပဲ အလှူလုပ်ဖို့အတွက်ဆိုပြီး (၁၀)သိန်းလာရောက် ပေးဆောင်ခဲ့ကြောင်းနဲ့ အခုလို တရားမျှတမှုမရှိတဲ့အတွက်ငွေကြေးအကုန် ပြန်ပေးလိုက်တယ်လို့ သေဆုံးသူရဲ့ဇနီးဖြစ်သူ နော်အဲခူမှူးက ပြောပါတယ်။
``လက်ရှိကတော့ အမှုဖွင့်ချင်တာပေါ့၊ သူတို့ကအမှုမဖွင့်ပေးဘူးပြောတယ်၊ ကျမတို့ဘက်က မှားတယ်လို့ပြောတယ်၊ သူတို့မေးတုန်းကလည်း နာမည်နဲ့အဲ့လိုပဲမေးတယ်၊ ဒါပေမယ့်ဘာမှမပြောဘူး၊ ပြောတာတော့ နင်တို့ပဲမှားတယ် နင်တို့ဘက်ခြမ်းကပဲမှားတယ်ပြောတယ်၊ ကျမတို့ကတော့ အမှုဖွင့်ပေးစေချင်တာပေါ့၊ အမှန်တရားအတိုင်း ဖြစ်စေချင်တယ်ပေါ့နော်´´လို့ နော်အဲခူမှူးက ဆိုပါတယ်။
အခုလို ယာဥ်တိုက်မှု ဖြစ်စဥ်အပေါ် အမှုဖွင့်လှစ်ပေးခြင်းရှိ မရှိနဲ့ပတ်သက်ပြီး ရာမညတိုင်း(မ်)သတင်းအေဂျင်စီမှ သံဖြူဇရပ်မြို့မ ရဲစခန်းမှူး၊ ဒုရဲမှူး ဇော်မင်းဦးကို မေးမြန်းရာ ``အဲ့ဒါတွေတော့ ကျွန်တော်တို့ဆီမှာရှိပါတယ်၊ ကျွန်တော်ပြောပိုင်ခွင့်မရှိပါဘူးခင်ဗျ၊ မြို့နယ်ရုံးကိုမေးပါ´´လို့ ပြောပါတယ်။ သံဖြူဇရပ်မြို့နယ်မှူး၊ ရဲမှူးဝင်းဇော်ကို မေးမြန်းရာမှာတော့ ``စခန်းနဲ့ အဆက်အသွယ်လုပ်ပြီး မေးလိုက်ပါခင်ဗျ´´ဟု ပြောပါတယ်။ သံဖြူဇရပ်မြို့မ ရဲစခန်းမှူး၊ ဒုရဲမှူး ဇော်မင်းဦးကို ပြန်လည်မေးမြန်းရာမှာတော့ ``ကျွန်တော်ကတော့ မပြောနိုင်ဘူးခင်ဗျ၊ကျွန်တော်ကတော့ အသေးစိတ်ဖြေလို့မရဘူး၊ ပြောရေးဆိုခွင့်ရှိသူမှ ပြောလို့ရမယ်လေ၊ သူကကျွန်တော်ကို တိုက်ရိုက်အမိန့်ပေးတာမှ မဟုတ်တာ´´လို့ ပြောပါတယ်။
Comments
Post a Comment