အကွေ့၌ ရှေ့ယာဉ်အား ကျော်တက်ရာမှ ချိတ်မိကာ ဆိုင်ကယ်စီးလာသူနှစ်ဦး ပွဲချင်းပြီးသေဆုံး


--------------


         ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်တွင် လမ်းအကွေ့၌ ရှေ့ယာဉ်အား ကျော်တက်ရာမှ ချိတ်မိကာ ဆိုင်ကယ်တိမ်းမှောက်ပြီး စီးလာသူနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။


         ဖြစ်စဉ်မှာ အောက်တိုဘာ ၁၀ ရက် ညနေ ၄ နာရီခွဲကျော်ခန့်က ဗန်းမော်မြို့နယ်၊ ငါးမိုင်စီအင်စျေးအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၀၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲအုပ်ဆွေချစ်ကို နှင့်အဖွဲ့က သွားရောက်စစ်ဆေးရာ ဗန်းမော်မြို့ဘက်မှ မိုးမောက်မြို့ဘက်သို့ ကျော်မြင့်(၃၁)နှစ်၊မံပုံငှက်ပျောခြံ၊မိုးမောက်မြို့နေသူ မောင်းနှင်ပြီး ဝင်းမော်(၃၆)နှစ်(လိပ်စာတူ)နောက်ထိုင်လိုက်ပါလာသည့် Felling-125ဆိုင်ကယ်သည် လားရာတူလမ်းအတိုင်း ရှေ့မှ အားဇုန်(ခ)အာမင်(၂၈)နှစ်၊ရိုးကြီးရပ်ကွက်၊ဗန်းမော်မြို့နေသူမောင်းနှင်ပြီး ဦးတင်ဌေးမောင်(၄၇)နှစ်(လိပ်စာတူ)လိုက်ပါလာသည့် ၉ဌ/------- လေးလုံးထိုးအပြာရောင်ယာဉ်အား အကွေ့၌ ကျော်တက်စဉ် ရှေ့ဘီးနှင့်ချိတ်မိပြီး ဆိုင်ကယ်တိမ်းမှောက်ခဲ့သည်။


      ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးဖြစ်သည့် ကျော်မြင့်(၃၁)တွင် ဦးခေါင်းနောက်စေ့ကွဲပြဲဒဏ်ရာ၊ နားနှစ်ဘက်သွေးထွက်ဒဏ်ရာဖြင့်လည်းကောင်း၊ ဝင်းမော်(၃၆)နှစ်တွင် ဦးခေါင်းပြားချပ်ဒဏ်ရာဖြင့်လည်းကောင်း အခင်းဖြစ်ရပ်၌ ပွဲချင်းပြီး သေဆုံးခဲ့သည်။


       ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆိုင်ကယ်အား သင့်လျော်သည့် အကွာအဝေးမှ ကျော်တက်ခြင်းမပြုဘဲ အနီးကပ်ကျော်တက်မှုဖြင့် ထိခိုက်ဒဏ်ရာရရှိသေဆုံးခဲ့သူ ကျော်မြင့်(၃၁)နှစ်အား ဗန်းမော်မြို့မရဲစခန်းက ယာဉ်(ပ)၃၀/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄(က)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Crd#



Comments