နမ္မတူမြို့နယ်၌ အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို သံချောင်းဖြင့် ရိုက်၍ မီးရှို့သတ်သူကို ဖမ်းမိ

 နမ္မတူမြို့နယ်၌ အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို သံချောင်းဖြင့် ရိုက်၍ မီးရှို့သတ်သူကို ဖမ်းမိ



နမ္မတူမြို့နယ်၊ နမ့်တောင်ကုန်းကျေးရွာအုပ်စု၊ ပန်သပြေကျေးရွာ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ဓါတ်ငွေ့ပိုက်လိုင်း မှတ်တိုင်အနီး လူသွားလမ်းဘေး၌ အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို သံချောင်းဖြင့် ရိုက်၍ မီးရှို့သတ်သည့် အမျိုးသားကို အောက်တိုဘာလ ၅ ရက်၊ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း သိရသည်။

.

အသတ်ခံရသူ မိန်းကလေးငယ်မှာ နမ္မတူမြို့နယ်၊ ကြူဆော့ကျေးရွာအုပ်စု၊ ပန်ကွဲကျေးရွာနေသူ ဖြစ်ပြီး ၎င်းအား သံချောင်းဖြင့် ရိုက်၍ မီးရှိုးသတ်သူ


အမျိုးသားမှာ နားဆိုင်းကျေးရွာနေ အသက် ၂၁ နှစ်အရွယ် စိုးမင်းပိုင် ဖြစ်ကြောင်း သိရသည်။

.

သေဆုံးသူသည် စက်တင်ဘာလ ၃၀ ရက်၊ ညပိုင်းတွင် စိုးမင်းပိုင် လာခေါ်၍ အပြင်ခဏ သွားဦးမည်ဟု မိခင်ဖြစ်သူအား ပြောကာ ထွက်သွားပြီးနောက် ပြန် မလာဘဲ ပျောက်ဆုံးနေကြောင်း၊ သေဆုံးသူ၏ မိခင်ဖြစ်သူသည် အောက်တိုဘာလ ၃ ရက်တွင် မီးရှိုးအသတ် ခံရသော မိန်းကလေး ရုပ်အလောင်း တွေ့သည့် သတင်းအရ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ သွားရောက်ကာ မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုရာ သမီးဖြစ်သူ၏ ခန္ဓာကိုယ် အချိုးအစား၊ သမီးဖြစ်သူ၏ အဖြူရောင် မိန်းမစီး ဖိနပ်တို့အား တွေ့ရှိခဲ့သဖြင့် ရုပ်အလောင်းမှာ ၎င်း၏ သမီးဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံ အတည်ပြုပေးခဲ့ကြောင်း သိရသည်။

.


ယင်းနောက် နမ္မတူမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ဇော်နိုင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၅ ရက်၊ နံနက်ပိုင်းတွင် နားဆိုင်းကျေးရွာသို့ သွားရောက်၍ စိုးမင်းပိုင်အား ရဲစခန်းသို့ ခေါ်ဆောင်ကာ စစ်ဆေးရာ စိုးမင်းနိုင်နှင့် သေဆုံးသူသည် သမီးရည်းစားများ ဖြစ်ကြောင်း၊ စက်တင်ဘာလ ၃၀ ရက်၊ ည ၇ နာရီခန့်တွင် သေဆုံးသူအား သွားရောက် ခေါ်ဆောင်ကာ ပန်သပြေကျေးရွာ အနီးတွင် စကား ပြောကြစဉ် သေဆုံးသူမှ ခိုးပြေးရန် ပြောဆိုခဲ့ကြောင်း၊ စိုးမင်းပိုင်မှ ဝါတွင်းကာလ ဖြစ်၍ ယူရန် မဖြစ်သေးကြောင်း ပြောရာ သေဆုံးသူမှ ၎င်း၏ အစ်ကိုနှင့် တိုင်ပြောမည်ဟု ပြောဆိုသဖြင့် ကြောက်၍ ဆိုင်ကယ်တွင် အသင့်ရှိနေသော ဟင်ဂလန်သံချောင်းဖြင့် ဦးခေါင်းအား ၂ ချက် ရိုက်နှက်၍ လဲကျသွားစဉ် တောစပ်အနီး တွေ့ရှိသော စောင်အား ယူ၍ ဦးခေါင်းအား ဖုံးကာ သံချောင်းဖြင့် ၃ ချက် ထပ်မံ ရိုက်၍ အသင့်ပါလာသော မီးခြစ်ဖြင့် စောင်အား မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

.

အဆိုပါ ထွက်ဆိုချက်အရ အခင်း ဖြစ်ပွားရာ နေရာရှိ သက်သေခံပစ္စည်းများအား သိမ်းဆည်းကာ စိုးမင်းပိုင်အား နမ္မတူမြို့မရဲစခန်းမှ ဖမ်းဆီး၍ ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


Comments