ဘုန်းကြီးကျောင်းကိုမှအနူကြမ်းစီး

 ဘုန်းကြီးကျောင်းကိုမှအနူကြမ်းစီး

=================================




စစ်ကိုင်းတောင်ရိုးသည် ဘုန်းတော်ကြီးကျောင်းများ၊ မယ်သီလရှင်ကျောင်းများ၊ (အရပ်အခေါ် ချောင်များ) ပေါများသည့် ဒေသကြီးတစ်ခုဖြစ်သည်။ သစ်ပင်အုံ့အုံ့ဆိုင်းဆိုင်းများအကြားတွင်    ကျောင်း ​ ပေါင်းများစွာရှိပါ သည်။ ထိုကျောင်းများတွင် ရဟန်းသံဃာပေါများသည့် ကျောင်းများ လည်းရှိသလို ကျောင်းထိုင်ကိုယ် တော်နည်းပါးသည့် ကျောင်းများ လည်းရှိသည်။


ထိုကျောင်းများထဲတွင် အနန္တဂုဏ်ရောင် သုတ္တန်ကျောင်းသည်  ရဟန်းသံဃာ နည်းပါးသည့် ကျောင်းတစ်ကျောင်းဖြစ်သည်။ ထိုကျောင်းတိုက်သည် စစ်ကိုင်း-မင်းကွန်းသွားကားလမ်းရှိ ပယ်ငါးဆယ်ရွာ၏ အနောက်ဘက် သုံးဖာလုံခန့်အကွာ စစ်ကိုင်းတောင် ရိုးတွင် တည်ရှိသည်။ ရွာနှင့် အနည်းငယ်အလှမ်းဝေးပြီး သက် တော် (၇၂)နှစ်၊ ဝါတော်(၂၁)ရှိဆရာတော် ဦးဝိမလနှင့် သက်တော် (၈၀)ကျော် ရဟန်းအိုတစ် ပါး၊ ပေါင်းနှစ်ပါးသာ သီတင်းသုံး နေထိုင်နေကြသည်။


ထိုနေ့က မိုးတွေလည်း ရွာနေသဖြင့် စစ်ကိုင်းတောင်ရိုး ညနေခင်းသည် မိုးတဖြောက် ဖြောက်ဖြင့် မိုးမှောင်ကျနေသည်။ သက်တော်ကြီးရင့်သည့် ဆရာ တော်မှာမူ စောစောကတည်းက ကျောင်းသင်္ခန်းထဲတွင် ဝင်နေခဲ့သည်။ ဆရာတော်ဦးဝိမလက တော့ သူသီတင်းသုံးသည့် အုတ်တိုက်ငယ်လေးအတွင်းဝင်ကာ မြောက်ဘက်က ရေအိမ်ဘက်သွားသည့် တံခါးပေါက်ကို ပိတ်လိုက်သည်။ တောင်ဘက်က တံခါးမကြီးကိုမူ မပိတ်သေး။


ညနေတိုင်း ပြုနေကျ ဘုရားရေတော်ကပ်ရန် ဘုရားစင်ဆီသွားလိုက်သည်။ ရေတော်ကပ်ပြီး ပြန်အလှည့် ဆရာတော်တွေ့ လိုက်ရသည်က လူသုံးဦး။ အသက် (၃၀)ကျော် (၄၀)ဝန်းကျင်တွေဖြစ်မည်။ အရက်နံ့တွေလည်း ရသည်။ နှစ်ဦးက လျှာထိုးဦးထုပ် ကိုယ်စီဆောင်းထားပြီး မာ့စ်တွေ လည်း တပ်ထား၍ နှာခေါင်းလေးသာပေါ်သည်။ နောက်တစ်ဦးကတော့ ထိုနှစ်ယောက်ထက် ဝ သည်။ မာ့စ်က အောက်လျှောထားသဖြင့် မေးစေ့မှာ ချိတ်နေသည်။ထိုလူက လည်ပင်းမှာလည်း ရွှေဆွဲကြိုးက နှစ်ကုံးတောင်ဝတ်ထား သည်။ လက်တစ်ဖက်မှာလည်း လက်စွပ်ကြီးတစ်ကွင်း စွပ်ထား သေးသည်။


သုံးယောက်က အတန်းလိုက်ရပ်နေသည်။ နောက်ဆုံးတစ်ယောက်က သူတို့ဝင်ခဲ့သည့်တံခါးမကြီးနား ပိတ်ရပ်နေသည်။ ဆရာတော်က ‘‘ဒကာတို့ အချိန်မရှိ ဘာမရှိ ဘာကိစ္စတုံး’’ဟု မေးလိုက်သည်။ အလယ်က ခပ်ဝဝ နှင့်တစ်ယောက်က ‘‘ကျုပ်တို့ ပိုက်ဆံလိုချင်လို့’’တဲ့။ ဆရာတော် မျက်လုံးပြူးသွားသည်။ ရှေ့ဆုံးကတစ်ယောက်က ကြမ်းပေါ်ချထားသည့် ရေနွေးဗန်းကိုကျော်ကာ ဘုရား စင်ရှေ့ စင်ပေါ်ချထားသည့် ဆရာတော်၏ ဖုန်းကို ကောက်သိမ်းလိုက်သည်။ ဆရာတော် တွေး လိုက်မိသည် သေချာပြီ ငါတော့ အနူကြမ်းစီးခံရပြီဟု။


ခပ်ဝဝနှင့်လူက ‘သော့ပေး ပါ’ဟု တောင်းသည်။ ထိုအချိန် တံခါးနားရပ်နေသည့်လူက တစ်စုံတစ်ခုကို ထုတ်လိုက်သည်။ ဓားတစ်ချောင်းဖြစ်နေသည်။ ဖုန်းလည်းယူသွားပြီ။ ဘယ်သူမှလည်းမရှိ။ ဓားလည်း ထုတ်နေပြီဆို တော့ မရရင် လူကိုရန်ပြုတော့ မည်မှာ သေချာနေသည်။ ဆရာတော်ရှောင်တိမ်းဖို့ မဖြစ်နိုင် တော့။ ထို့နောက် ဘုရားစင်နားက သော့ကိုယူသည်။ သော့ကို သူတို့လက်ထဲ ထည့်မပေးလိုက်။ ဟိုသော့လား၊ ဒီသော့လား လျှောက်ဖွင့်ရင်း ဗီရိုသော့တွေ ချောင်ကုန်မှာမို့ တစ်ခါတည်း ဆရာတော်ကိုယ်တိုင် ဗီရိုလေးပေါက်စလုံး ဖွင့်ပေးလိုက်သည်။


ဗီရိုနှစ်ထပ်လုံး သင်္ကန်းတွေ သာအထပ်လိုက်။ အပေါ်ထပ်က  သင်္ကန်းထပ်၏အောက်မှာ အံဆွဲလေးတစ်ခုရှိသည်။ ထိုအံဆွဲကိုဖွင့်လိုက်တော့ ငွေသားတွေ တွေ့သည်။ စုစုပေါင်း ခြောက်သိန်းသုံး သောင်းကိုးထောင်တိတိ။ သို့သော် ထိုငွေတွေက ဆရာတော်ပိုင်ချည်းမဟုတ်။ ငါးသိန်းက ဆရာ တော်တပည့်သံဃာတစ်ပါးက လာအပ်ထားခြင်း ဖြစ်သည်။ မောင်မင်းကြီးသားများ တစ်ပြားမှ မချန် အကုန်မ,သွားလေသည်။


ငွေရပြီးတော့ သုံးယောက်လုံး ကျောင်းထဲက ပြန်ထွက်သွားကြသည်။ ဆရာတော်လိုက် မကြည့်မိတော့။ ဖုန်းကလည်းပါသွားပြီ။ ဆက်စရာနောက်တစ် လုံးရှိသော်လည်း ထိုဖုန်းထဲမှာ ဘယ်ဖုန်းနံပါတ်မှ မှတ်မထားမိ။ ယူသွားသည့် ဖုန်းက အသစ်မို့  ထိုထဲအကုန်ပြောင်းထားသည်။  ထိုဖုန်းကလည်း နှစ်သိန်းခွဲတန် သည်။ ဝါဆိုဦးတုန်းကမှ လာလှူ ထားကြခြင်းဖြစ်သည်။


ဆရာတော် ထိုညက ကောင်းကောင်းကျိန်းစက်၍မရ။ ဆရာတော်ပိုင်သည့် တစ်သိန်းသုံး သောင်းကိုးထောင်ယူသွားလျှင် ဘာမှမဖြစ်။ ခုဟာက ကိုယ့်ယုံကြည်လို့လာအပ်ထားသည့် ငွေ ငါးသိန်းပါ ပါသွားတော့ စိတ်ထဲမကောင်း။ ဓမ္မဘက် စိတ်ပြန်သွင်း သည်။ သောကက ရောက်လာပြန်သည်။ တစ်ညလုံး မှောက်လိုက်လှန်လိုက်ဖြင့် အမှောင်ထု ကြီးထဲမှာ နေနေရသလို ခက်ခဲစွာ ဖြတ်သန်းခဲ့ရသည်။ 


နံနက်လင်းတော့ ဆွမ်းခံဖို့ ရွာထဲတောင် ဆင်းချင်စိတ်မရှိ။ သို့သော် ကဲပါလေ လုပ်စရာရှိတာ  လုပ်ရမှာပဲဟု စိတ်ပြန်တင်းကာ  ရွာထဲဆင်းခဲ့သည်။ ပယ်ငါးဆယ် ရွာအုပ်ချုပ်ရေးမှူးကိုလည်း အ ကျိုးအကြောင်းသွားပြောသည်။ အုပ်ချုပ်ရေးမှူးကတစ်ဆင့် စစ်ကိုင်းရဲစခန်းကိုလည်း သတင်းပို့ သည်။ ဆရာတော့်ကျောင်း အနုကြမ်းစီးခံရလို့ဆိုသည့် သတင်း က ပယ်ငါးဆယ်ရွာထဲ ပြန့်သွားခဲ့သည်။ ထိုသတင်းကို အသက် (၅၀)ကျော်ရွာသား တစ်ယောက် က ကြားလိုက်မိပြီး ဆရာတော့်ဆီ  အပြေးအလွှားလာမေးသည်။ ထိုရွာသားက ဆရာတော့်ကို ထိုလူတွေ၏ ပုံပန်းသွင်ပြင်တွေမေး တော့ ဆရာတော်က ဖြေသည်။ သုံးယောက်ထဲက တစ်ယောက် ပုံပန်းသွင်ပြင်ပြောတော့ ထိုရွာသား ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ လည်ပင်းမှာ ရွှေဆွဲကြိုးနှစ်ကုံး၊ လက်တစ်ဖက်မှာ လက်စွပ်ကြီးတစ်ကွင်း ဝဝမည်းမည်းနှင့်။ သေချာပြီ။ ‘‘ဆရာ တော်ဘုရား အဲဒီလူ မနေ့ကပဲ တပည့်တော်တို့အိမ်ရောက်လာ သေးတယ်ဘုရား’’ ဟု ပြောသည်။ ဒီတစ်ခါ ပါးစပ်အဟောင်းသား ဖြစ်ရသူက ဆရာတော်။ ဘယ်လိုများရောက်လာ သလဲလို့မေးတော့  ထိုရွာသားပြောပြပုံက ဒီလို။


ထိုရွာသား၏ ဇနီးက အကြော်စုံရောင်းသည်။ ထိုနေ့ နံနက်ပိုင်းလောက်က သူ့ဇနီးသည်သည် ရွာ၏ မြောက်ဘက်က ရွာမှာ ကောက်ညှင်းဆန် သွားဝယ် သည်။ ရွာပြန်ဖို့ ဆိုင်ကယ်လူကြုံလေးမျှော်နေတုန်း လူတစ်ယောက် ဆိုင်ကယ်နှင့် သူ့အနားထိုးရပ်သည်။ ဘယ်သွားချင်လို့ တုံးဟုမေးတော့ သူ့ဇနီးက ပယ်ငါးဆယ်ကိုဆိုတော့ လမ်းကြုံတယ်။ တက်ဆိုတာနှင့် သူ့ဇနီးသည်လည်း တက်လိုက်လာခဲ့ သည်။ 


လမ်းမှာ ထိုလူကမေးသည်။ ‘‘အရီး ဒီနယ်မှာ သက်ကြီးဝါကြီးဘုန်းကြီးရှိတဲ့ ကျောင်းတွေမရှိဘူး လား’’ဟု မေးသည်။ အရီးကလည်း ရှိပါ့ဟုပြောပြီး ဘာလုပ်ဖို့ တုံးဟု ပြန်မေးလိုက်သည်။ ‘‘သြော်... ကိုဗစ်ကာလမို့ ဆန်တွေဆီတွေ လှူချင်လို့ပါဗျ’’တဲ့။ အရီး ကလည်း သြော်... ဆရာတော်တွေ အလှူတွေရတော့မှာမို့ ဝမ်းသာသွားသည်။ သူက ဆက်ပြော သည်။ ‘‘အသက်ကြီးတဲ့ ဘုန်းကြီး ရှိတဲ့ကျောင်းပဲနော်။ ငယ်တဲ့ကိုယ်တော်တွေတော့ မလှူချင်ဘူး’’ တဲ့။ 


သို့ဖြင့် အရီးလည်း ထိုလူ့ ဆိုင်ကယ်နောက် ကောက်ညှင်း ထုပ်ကိုင်ရင်း သူကိုးကွယ်သည့် ကျောင်းတစ်ကျောင်းဆီ အရင်လိုက်ပို့သည်။ ကျောင်းလည်းရောက်ရော သူကတစ်မျိုးဖြစ်သွားသည်။ ဆန်တွေ၊ ဆီတွေ လှူမှာ မဟုတ်တော့ဘဲ ကျောင်း ဆောက်လှူချင်သည်တဲ့။ အရီးပိုတောင်ပျော်သွားသေးသည်။ သြော်... အလှူအတန်းရက်ရော ပါလား။ ငါ့ဆရာတော်တွေ ရပါ စေဆိုသည့်စိတ်ဖြင့် ဖြစ်သည်။ သို့သော် ထိုကျောင်းက ဆရာ  တော်ကတော့ ကျောင်းဆောက် တာတွေကျ မြေထပ်ဝယ်ရ၊ ဘာ ဝယ်ရဖြင့် အဆင်မပြေကြောင်း ပြောတော့ နှစ်ယောက်သား ထို ကျောင်းကနေ ထွက်ခဲ့လိုက်ကြ သည်။


နောက်ထပ် ရှိသေးလားဟု မေးတော့ အရီးလည်း နောက် တစ်ကျောင်းကို လိုက်ပို့သည်။ ထိုကျောင်းမှာတော့ သက်တော် (၅၀)ကျော်တစ်ပါးတည်း သီတင်းသုံးသည်။ ဆရာတော့်ကို ဝတ္ထုငွေတွေကိုင်သလားလည်းမေးသည်။ သူက စစ်ကိုင်းက... ရွှေဆိုင်က ဟုလည်း ပြောသည်။ ကျောင်းဆောက်လှူချင်ကြောင်း ပြော သည်။ ဆရာတော်က လက်ခံ လိုက်သည်။ မြေနေရာတွေကြည့်  တိုင်းထွာကြသည်။ ညနေ ၄ နာရီလောက် မိသားစုနှင့်အတူ ကား နှင့်လာမည်တဲ့။ ဆရာတော် တံခါးတော့ဖွင့်ထားပေးဖို့ပြောသည်။


ပြီးနောက် အရီးကို ရွာထဲပြန်လိုက်ပို့ရင်း အိမ်မှာခဏထိုင်တော့ အရီးယောက်ျား ရွာသားနှင့် ဆုံရခြင်းဖြစ်သည်။ ရွာသားဦးလေး ကြီးကတော့ ထိုလူ့ပုံပန်းကြည့်ပြီး  မသင်္ကာစိတ်တွေ ဖြစ်နေသည်။ သူလည်း သူဌေးတွေနှင့် မိတ်ဆွေဖြစ်ဖူးပါသည်။ ထိုလူ၏ အင်္ဂါ ရုပ်မှာမူ သူဌေးပုံ လုံးဝမပေါက်။ အထူးသဖြင့် ခြေထောက်တွေက  သူဌေးခြေထောက်မျိုးမဟုတ်။ ခြေဆစ်တွေက တိုသည်။ နောက် ပြီး နှစ်ကုံးထပ်ဝတ်ထားသည့်  လည်ပင်းက ဆွဲကြိုးတွေ။ သူမြင် ဖူးသမျှ ရွှေဆိုင်ပိုင်ရှင်အများစု  ရွှေဆွဲကြိုးမဝတ်တတ်။ သူ့ဇနီး ထိုလူစကားပြောနေတုန်း ဦးလေးကြီးက အိမ်ရှေ့က မြေးကို သွားခေါ်တာလိုလိုနှင့် ဆိုင်ကယ် နံပါတ်သွားကြည့်တော့ တရုတ် ဆိုင်ကယ်နံပါတ်ပြားတောင်မပါ။  မသင်္ကာစရာတွေချည်း။


သူက ပြောသေးသည်။ ညနေ ၄ နာရီ လောက်ပြန်လာမည် ဖြစ်ကြောင်း၊ ကျောင်းကကြိုသွား မစောင့်ဖို့နှင့် ဒီအိမ်ဝင်လာခေါ် ပေးမည်ဖြစ်ကြောင်း ပြောသည်။ဦးလေးကြီးက စိတ်ထဲမသင်္ကာသည်နှင့် အဲဒီကျောင်းကဆရာ တော်က အရင်က ကိုယ်ခံပညာ တွေ၊ ဘာတွေတတ်သဗျဟု တောင် ပြောလိုက်သေးသည်။


ညနေကျ ထိုလူရောက်မလာပါ။ သူလှူမည်ဆိုသည့်ကျောင်း လည်း ရောက်မလာဘူးတဲ့။ ဖြစ် ပုံက ထိုကျောင်းက ဆရာတော်က လှူမယ့်သူလာမည်ဆိုတော့ သူက ဝတ္ထုငွေမကိုင်၍ ဒကာတစ် ယောက်လှမ်းခေါ်ထားသည်။ ထိုဒကာကလည်း ကားနှင့်လာပြီး ကျောင်းဝင်းထဲ ထိုးထားသည်။ ဟိုလူတွေလာတော့ ကားတစ်စီးတွေ့သည်နှင့် အခြေအနေ မကောင်းတော့ ဝင်မသွားခြင်းဖြစ် နိုင်သည်။


 မလှူဖြစ်ခဲ့သည့်ကျောင်း သည် အနုကြမ်းစီးခံရသည့် ဆရာတော်ဦးဝိမလ၏ အနန္တဂုဏ် ရောင် သုတ္တန်ကျောင်းရှေ့ကနေ ဖြတ်ပြီးမှ ရောက်သည်။ ထိုနေ့ညနေတွင်ပင် ဆရာတော် ဦးဝိမလကျောင်းကို ထိုအဖွဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ခြင်းဖြစ် လေသည်။ အကြောင်းစုံရွာထဲပြန့် ကုန်တော့ တချို့က ထိုလူသည်  မကြာခဏ ဆိုင်ကယ်နှင့်ပတ်နေ  သည်မှာ လေး၊ ငါးရက်ရှိနေပြီတဲ့။


နောက်တော့မှ အားလုံး ဇာတ်ရည်လည်သွားခဲ့ကြသည်။ ထိုလူတွေက သူတို့ဝင်မည့်ကျောင်းကို အရင်စနည်းနာမည်။ ဖြစ်နိုင်လျှင် ဒေသခံတစ်ယောက် ကို အယုံသွင်းကာ မလိမ့်တပတ်ခေါ်လာမည်။ သက်တော်ကြီး သည့် ရဟန်းတွေကျောင်း အဓိကထားမည်။ ဒါမှသာ မခုခံနိုင်မှာ ဖြစ်သည်။ နောက်ပြီး တစ်ပါး တည်းနေသော ကျောင်းများကို ပစ်မှတ်ထားသည်။ ထိုမှသာ သူ တို့အလုပ်လုပ်ရပိုလွယ်မည်။ 


 အနုကြမ်းစီးခံခဲ့ရသည့် ဆရာတော် ဦးဝိမလကတော့ မည်သူလာလာ သဒ္ဓါတရားနှင့် ဆက်ဆံခဲ့ရာ ယခုလိုကြုံရတော့ စိတ်ထဲ မကောင်း။ သူစိမ်းလာရင်တောင်  သင်္ကာမကင်းချင်တော့။ သို့သော်သူ့ကံကြောင့်၊ ပြန်ပေးရမည့်ကံပါ လာလို့ ပေးလိုက်ရသည်ဟုပဲ လက်ခံလိုက်သည်။ သူရဟန်းဘဝရောက်ရသည်ကလည်း လူ့ဘောင်ဘဝမှာ ငွေရေးကြေးရေး အဆင်မပြေလို့၊ မိသားစုနဲ့ အ ဆင်မပြေလို့ ဝတ်ခဲ့တာမဟုတ်။ သားသမီးတွေအတွက် ထိုက်သင့်သလောက် ပြည့်စုံအောင်လုပ်ပေးအပြီး အသက် (၅၀)ကျော်တော့ ကဲငါ့အတွက်ပါတာ ငါလုပ်တော့မယ်ဟုဆိုကာ မိသားစုခွင့်တောင်းပြီးဝတ်ခဲ့တာ ခုဆို နှစ်ပေါင်း ၂၀ ကျော်ပြီ။ 


သူများ ငွေငါးသိန်းကလည်း ပြန်ဆပ်ဖြစ်အောင် ဆပ်မည်။ သံသရာကြွေးအပါမခံနိုင်။ ဖုန်း လေးတော့ ဆက်ထားသည့် ခဏတော့နေဦးဟု။ ဆရာတော့် သတင်းကြားတော့ အောင်ပန်း ရောက်နေသည့် သားဖြစ်သူက ငွေတစ်သိန်းခွဲ လှမ်းကပ်သည်။ တစ်ခါတည်း ငါးသိန်းပေးရမည့် သူဆီ လှမ်းလွှဲလိုက်သည်။ ဆရာ တော့်မှာ ကားလည်းရှိသည်။ ဆိုင် ကယ်လည်းရှိသည်။ ဒါတွေမြင်ပြီး ချမ်းသာတယ်ထင်ပြီး လာလုပ် ကြသည်ထင်သည်။ ဒါတွေက ဒကာတွေ သူ့သဘောနှင့်သူ လာလှူသွားတာတွေ။ သူပိုင်ဆိုင်တာ ဆိုလို့ ဆေးဖိုးအဖြစ်ရန်ထားသည့် ငွေလေး တစ်သိန်းကျော်သာဖြစ် သည်။ ဝတ္ထုငွေလည်း သူမကိုင် ချင်။ ဒကာတွေက ဘာလုပ်ချင် သည်၊ ညာလုပ်ပေးချင်သည်ဆိုလည်း ဒကာတို့ ကိုယ့်ဘာသာ ငွေ ကိုင်ပြီးလုပ်ကြဟုသာ မိန့်တတ်သည်။ တတ်နိုင်သမျှ အမှုကိစ္စ နည်းအောင် နေထိုင်လိုသူဖြစ် သည်။


အုပ်ချုပ်ရေးမှူးကတစ်ဆင့် စစ်ကိုင်းရဲစခန်းဆီ သတင်း ရောက်သွားတော့ ရဲတွေလည်း ဆရာတော့်ကို လာတွေ့သည်။ ဖြစ်ပုံပျက်ပုံမေးသည်။ ဆရာတော်က ပြောပြသည်။ ပြီးနောက် စကားတစ်ခွန်းမိန့်ပါသည်။ ‘‘ဗိုလ် လေးတို့ရေ။ ဦးပဉ္စင်းကတော့ ခံရပြီးပြီ။ တခြားသံဃာတွေ ဦးပဉ္စင်းလိုမကြုံရအောင် စောင့်ရှောက် ပါနော်’’ဟု ဆရာတော်က မိန့်လေသည်။


Comments