ဖုန်းပျောက်သည့်ကိစ္စဖြင့် ဉ္ဇူင်း ၃ ပါးက ရိုက်နှက်သဖြင့် ကိုရင်လေး ပျံလွန်တော်မူ
သက်တော် ၁၃ နှစ်ကိုရင်လေးကို ဖုန်းပျောက်သည့်ကိစ္စဖြင့် ဉ္ဇူင်း ၃ ပါးက ရိုက်နှက်ခဲ့ကြရာ၌ ပျံလွန်တော်မူသွားသည့် လူသတ်မှုဖြစ်စဉ်တစ်ခု ပင်လည်ဘူးမြို့၌ ဖြစ်ပွားကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပင်လည်ဘူးမြို့နယ်၊ ပင်ကြိုင်းကျေးရွာရှိ သဒ္ဓမ္မနန္ဒပရိယတ္တိစာသင်တိုက်ကျောင်း၌ ပထမအငယ်တန်းစာသင်သား ရှင်ရာဇိန္ဒ(ခ)သစ်ဆန်းဦး (၁၃) နှစ်မှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ကျောပြင်နှင့် ယာမျက်လုံးညိုမဲ၊ ဝဲယာလက်ညိုမဲ၊ ရင်ညွှန့်ညိုမဲ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများဖြင့် စက်တင်ဘာလ ၂၃ ရက်၊ ညသန်းခေါင်ယံ၌ ပင်လည်ဘူးမြို့နယ်ဆေးရုံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နာရီပိုင်းအကြာတွင် ယင်းဒဏ်ရာများဖြင့် ပျံလွန်တော်မူသွားသည့်အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့်တာ၀န်ရှိသူများထံ အကြောင်းကြား၍ စစ်ဆေးရာ ဖုန်းပျောက်သည့်ကိစ္စဖြင့် ဉ္ဇူင်း ၃ ပါးက မတရားရိုက်နှက်ထားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည်။
ပြစ်မှုကျူးလွန်သူများမှာ အခင်းဖြစ်သဒ္ဓမ္မနန္ဒပရိယတ္တိစာသင်တိုက်ကျောင်း၌ သီတင်းသုံးနေထိုင်လျက်ရှိကြသော သာသနတက္ကသီလဓမ္မာစရိယ BA /MA ဘွဲ့ရ ဥူးတေဇနိယ(ခ)မောင်ပြုံး သက်တော်(၄၀)၊ ဝါတော်(၂၁)ဝါ၊ ပထမလတ်တန်းစာသင်သား ဥူးသီရိန္ဒ(ခ)ဇော်၀င်းနိုင် ၃၅ နှစ်၊ ဝါ(၄)ဝါ နှင့် သက်တော် ၂၃၊ ဝါတော် ၃ ဝါရှိ ပထမလတ်တန်းစာသင်သားဥူးတေဇိန္ဒ(ခ)နေမျိုးမောင် တို့ ဉ္ဇူင်း (၃) ပါးက ကျောင်း၀င်းအတွင်း ဖုန်းပျောက်သည့်ကိစ္စဖြင့် ရိုက်နှက်ခဲ့ကြခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အခင်းဖြစ်သည့်အချိန်မှာ စက်တင်ဘာ ၂၃ ရက်၊ ည ၇ နာရီဖြစ်ပြီး မီးပလပ်ကြိုး၊ ဝါးခြမ်းပြားတို့ဖြင့် ဉ္ဇူင်း ၃ ပါးတို့က ရိုက်နှက်ခဲ့ကြသောကြောင့် ရှင်ရာဇိန္ဒ(ခ)သစ်ဆန်းဦး (၁၃) နှစ်မှာဒဏ်ရာများရရှိပြီး အိပ်နေခဲ့ရာ၌ မသက်သာသောကြောင့် ည ၁၁ နာရီတွင် ပင်လည်ဘူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သန်းခေါင်ယံလယ် ၁၂ နာရီတွင် ပျံလွန်တော်မူသွားရခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
ယင်းအတွက်ကြောင့် ပြစ်မှုကျူးလွန်ကြသော ဉ္ဇူင်း ၃ ပါးကို လူ၀တ်လဲစေကာ စက်တင်ဘာလ ၂၄ ရက်၊ နံနက်အစောပိုင်းတွင် ရာဇသတ်ကြီးပုဒ်မ - ၃၀၂(လူသတ်မှု)/ ၁၁၄ (ပူးပေါင်းကြံစည်မှု) တို့ဖြင့် ပင်လည်ဘူးမြို့မရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
Comments
Post a Comment