ပြည်မြို့ကိုးသောင်းမီးပွိုင့်အနီး ဓါးကိုင်ဆောင်သူ ၅ ဦး ဖမ်းဆီးရမိ


 ပြည်မြို့ကိုးသောင်းမီးပွိုင့်အနီး ဓါးကိုင်ဆောင်သူ ၅ ဦး ဖမ်းဆီးရမိ


ပြည်၊ သြဂုတ် ၂၄၊ ၂၀၂၀။


ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ကိုးသောင်းမီးပွိုင့်အနီး ရဲတပ်ဖွဲ့ဝင်များနှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များမှ နယ်မြေလုံခြုံရေးအတွက် ယမန်နေ့ ညက ၁၀ နာရီခန့်က ဆိုင်ကယ်များအား ရပ်တန့် စစ်ဆေးရာ ဓါးကိုင်ဆောင်သူ ၅ ဦးအား ယမန်နေ့ညက ဖမ်းဆီးရမိခဲ့ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။


"ကိုးသောင်းမီးပွိုင့်ကနေစောင့်ပြီး အင်အား ၆၀ လောက်နဲ့ ရပ်တန့်စစ်ဆေးတော့ ဓါးကိုင်ဆောင်သူ ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တချို့ကလည်း ခန္ဓာကိုယ်မှာ ဆောင်ထားတာ၊ တချို့ကတော့ ဆိုင်ကယ်ဘောက်ထဲမှာ ထည့်ထားကြတာပါ။" ဟု ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းက မြေလတ်အသံကိုပြောသည်။


ဖမ်းဆီးရမိသူများမှာ ငြိမ်းချမ်းမောင် (၂၆)နှစ်၊ သန့်ဇင်အောင်၊ ကျော်ကျော်ဦး၊ နောင်မျိုးထွန်းနှင့် ရင်ကိုထွန်းတို့အား ဒါးမြှောင်၊ ဓါးဦးချွန်းတို့ဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


"နောက်ရက်တွေလည်း ပိုက်စိပ်တိုက်လိုက်လံ စစ်ဆေးပြီး ဖမ်းဆီးတာတွေ လုပ်သွားမှာပါ။ ရပ်ရွာအေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေးဆောင်ရွက်ဘို့ အတွက်ကတော့ ရဲတပ်ဖွဲ့ရဲ့ မဖြစ်မနေဆောင်ရွက်ရမယ့် အလုပ်တခုဖြစ်ပါတယ်" ဟု ရဲမှူးသန်းဇော်ဝင်းက ပြောသည်။


ဖမ်းဆီးရမိသူ ၅ ဦးအား လက်နက်မှု ၁၉(င) နှင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


Comments