တရားဟောဆရာဒေးဗစ်လားကို ပြည်နှင်ဒဏ်ပေ
====================================
ထောင်ဒဏ်သုံးလကျခံနေရတဲ့ တရားဟောဆရာ ဒေးဗစ်လားဟာ ဒီကနေ့ သြဂုတ် (၁၄) ရက်က အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်တယ်လို့ အင်းစိန်အ ကျဥ်းထောင်က အရာရှိတစ်ဦးက အတည်ပြု ပြောပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ ဒေးဗစ်လားကို လဝကကို လွှဲပြောင်းပေးပြီး ကနေဒါနိုင်ငံကို ပြည်နှင်သွားမှာ ဖြစ်တယ်လို့ အကျဥ်းထောင် အရာရှိက ပြောပါတယ်။
" ဒေးဗစ်လား ပြန်လွတ်ပါတယ်။ သုံးလကျပြီး ပြန်လွတ်ပါတယ်။ လဝက ကို လွှဲပေးလိုက်တယ်။ သူ့က နိုင်ငံခြားသား ဖြစ်တယ်လေ။ သူ့က ကနေဒါကဆိုတော့ ပြည်နှင်မှာပါ။ ကနေဒါကို ပြန်ပို့မှာပါ " လို့ အရာရှိက ပြောပါတယ်။
ဒေးဗစ်လားနဲ့အတူ ထောင်သုံးလ ချမှတ်ခံရတဲ့ ဦးဝေထွန်းကတော့ ချုပ်ရက် နှစ်ရက် ကျန်ရှိသေးတာကြောင့် နောက်နှစ်ရက်နေရင် လွတ်မြောက်မယ်လို့ အရာရှိက ပြောပါတယ်။
ဒေးဗစ်လား နဲ့ ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က) နဲ့ ပြီးခဲ့တဲ့ သြဂုတ် (၆) ရက်၊ မနက်ပိုင်းက မရမ်းကုန်းမြို့နယ် တရားရုံးက ထောင်ဒဏ် သုံးလ ချမှတ်ထားတာပါ။
ဒေးဗစ်လား နဲ့ ဦးဝေထွန်းတို့ကို မူလ စွဲချက်တင်ထားတဲ့ ပုဒ်မ အစား ပြောင်းလဲပြီး အပြီးသတ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးကတော့ COVID-19 ကာလအတွင်း နိုင်ငံတော်က ချမှတ်ခဲ့တဲ့ လမ်းညွှန်ချက်ကို ဖောက်ဖျက်ကာ ဘာသာရေးပွဲ ပြုလုပ်ခဲ့တယ်ဆိုပြီး တရားဟောဆရာ ဒေးဗစ်လား နဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်း တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ ကနဦး တရားစွဲတင်ခဲ့တာပါ။
Comments
Post a Comment