မန္တလေးမြို့တွင် ညအချိန် ဆိုင်ကယ်စီးလာသူနှစ်ဦးကို ဒူးထောက်ခိုင်းပြီး တုတ်၊ ဓားပုလင်းများဖြင့် ခုတ်ခြင်းရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သူ ဆယ်ကျော်သက်လူငယ် ဆယ်ဦးအား

မန္တလေးမြို့တွင် ညအချိန် ဆိုင်ကယ်စီးလာသူနှစ်ဦးကို ဒူးထောက်ခိုင်းပြီး တုတ်၊ ဓားပုလင်းများဖြင့် ခုတ်ခြင်းရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သူ ဆယ်ကျော်သက်လူငယ် ဆယ်ဦးအား ဇူလိုင် ၁၄ ရက် ညက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၀ ရက်ည ၉ နာရီဝန်းကျင်ခန့်က ကိုအောင်ကျော်ဇင်နှင့် ကိုနန်းထိုက်အောင်တို့သည် ဆိုင်ကယ်တစ်စီးတည်းအတူ မောင်းနှင်လာစဉ် ချမ်းမြသာစည်မြို့နယ်၊ ၄၈ လမ်းနှင့် မနော်ဟရီလမ်းထောင့် အရောက်တွင် ဆိုင်ကယ်ငါးစီးဖြင့် လူငယ်တစ်စုမှ ၎င်းတို့ဆိုင်ကယ်နောက်သို့ ကပ်လိုက်လာခဲ့ကြောင်း၊ ထို့နောက် ယင်းလူငယ်များမှ အကြောင်းမဲ့ရန်စကာ ဒူးထောက်စေပြီး တုတ်ဖြင့် ရိုက်ခြင်း၊ ပုလင်းဖြင့် ရိုက်ခြင်း၊ ကျောက်လှည့်ဖြင့် ထိုးခြင်း၊ ဓားဖြင့် ခုတ်ခြင်းများ ပြုလုပ်ပြီး ထွက်သွားခဲ့သည်ဟု သိရသည်။

ထိုသို့ လူငယ်ဆယ်ဦးခန့်မှ ကိုအောင်ကျော်ဇင်တို့နှစ်ဦးအား ရိုက်နှက်ခဲ့မှုကြောင့် ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ၊ ဝဲပုခုံးပေါက်ပြဲဒဏ်ရာ၊ လက်ဖမိုးပြတ်ရှဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး စိုးရိမ်ရခြင်းမရှိသော်လည်း မန္တလေးဆေးရုံကြီးတွင် ကုသမှုခံယူမှုပြုခဲ့ရကြောင်း သိရသည်။

“ အားလုံးဖမ်းမိထားပြီ။ စုစုပေါင်း ဆယ်ယောက်။ ရန်ငြှိုးရန်စတော့ မရှိဘူးရယ်။ တမင်ရန်စပြီး ရမ်းကားတာပေါ့။ ဒူးထောက်ခိုင်းပြီး ရိုက်နှက်ခုတ်တာ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ အရေးယူဖို့ ဆောင်ရွက်နေပါတယ်။ ကျူးလွန်သူတွေကအကုန် ဆယ်ကျော်သက်တွေချည်းပဲ။ ၁၈နှစ်အထက် နှစ်ဦးနဲ့ ကျန်တာ ၁၈ နှစ်အောက် ၁၄ နှစ် ၁၅ နှစ်တွေချည်းပဲ။ အသက်မပြည့်သေးတာတွေလည်းပါတော့ ဆောင်ရွက်စရာရှိတာတွေ လုပ်နေပါတယ်” ဟု အောင်ပင်လယ်ရဲစခန်းမှ ရဲအုပ်စိန်ထွန်းဦးက ပြောကြားသည်။

အသက် ၁၄ နှစ်အရွယ် ၁ ဦး ၊ ၁၅ နှစ်အရွယ် ၃ ဦး၊ ၁၆ နှစ်အရွယ် ၁ ဦး၊ ၁၇ နှစ်အရွယ် ၂ ဦး၊ အသက် ၁၈ နှစ်အရွယ် ၂ ဦး၊ ၁၉ နှစ်အရွယ် ၁ ဦး၊ စုစုပေါင်း ၁၀ ဦးတို့မှ ဆိုင်ကယ်စီးလာသည့်အမျိုးသားနှစ်ဦးကို ဒူးထောက်ရိုက်နှက်မှုများ ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

အုပ်စုဖွဲ့ရမ်းကားရိုက်နှက်မှုများ ကျူးလွန်ခဲ့သူဆယ်ဦးအား အောင်ပင်လယ်နယ်မြေရဲစခန်းတွင် (ပ) ၂၂၀/ ၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅/၃၂၄/၁၁၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Crd............

Comments