ပိုင်ဆိုင်မှုအငြင်းပွားလျှက်ရှိသော ဟိမဝန္တာနယ်စပ်ဒေသတွင် တရုတ်တပ်များနှင့် ပဋိပက္ခဖြစ်ပွားရာ၌ အိန္ဒိယစစ်သား အနည်းဆုံး (၂၀) ဦး သေဆုံးကြောင်း နယူးဒေလီအာဏာပိုင်တို့ ပြောဆိုလိုက်ပါတယ်။ ယခု အဖြစ်အပျက်သည် တင်းမာမှုများမြင့်တက်လျှက်ရှိသော
တရုတ်-အိန္ဒိယနှစ်နိုင်ငံအကြား ၄၅ နှစ်ထက် မနည်းကာလအတွင်း ပထမဆုံး လူသေဆုံးရသည့် နယ်စပ်ဒေသ ထိပ်တိုက်တွေ့မှုဖြစ်ပါတယ်။ အိန္ဒိယတပ်မတော်က စောစောပိုင်းပြောကြားရာတွင် တနင်္လာနေ့ ညနေပိုင်းဟိမဝန္တာ “ လာဒက် “ ဒေသပဋိပက္ခ၌ ၎င်းတို့ဘက်မှ
သေဆုံးသူ ၃-ဦးရှိပြီး နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုရှိကြောင်း ပါရှိခဲ့ပါတယ်။ သို့သော် အင်္ဂါနေ့ နယူးဒေလီ အရာရှိများပြောကြားရာတွင်မူ အိန္ဒိယဖက်မှ ထိခိုက်သူအတော်များများမှာ ဒါဏ်ရာပြင်းထန်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။ တရုတ်သည်ဂယ်လ်ဝမ်တောင်ကြားရှိ အမှန်တကယ်ထိန်းချုပ်မျဉ်းအား လေးစားကြရန် ယခင်ရက်သတ္တပတ် နှစ်နိုင်ငံသဘောတူညီချက်ကို ချိုးဖောက်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဋ္ဌာနက စွပ်စွဲထားပါတယ်။ ဟိမဝန္တာတောင်တန်းဒေသများရှိ နှစ်နိုင်ငံစစ်တပ်များအကြား ယခုဖြစ်ပွားသော အကြမ်းဖက်မှုမှာ အလွန်စိုးရိမ်ဖွယ်အခြေအနေသို့ တွန်းပို့ရာရောက်ကြောင်း၊ အိမ်နီးချင်း ညူကလီယားလက်နက်ပိုင် အင်အားကြီး နှစ်နိုင်ငံတို့အတွက် အလုံးစုံပဋိပက္ခဖြစ်ရခြင်းသို့ သက်ဆင်းမသွားရအောင် ခက်ခဲစွာ ထိန်းချုပ်ရလိမ့််မယ်လို့ ကျွမ်းကျင်ပညာရှင်
များက ခန့်မှန်းထားပါတယ်။ အိန္ဒိယတပ်မတော်၏ အင်္ဂါနေ့ပြောဆိုချက်အရ ပဋိပက္ခတွင် ၎င်းတို့ဖက်မှ အရာရှိ (၁) ဦးအပါအဝင် တပ်မတော် သား (၃) ဦး သေဆုံး၌ (၁၇) ဦး ဒါဏ်ရာပြင်းထန်ကြောင်း ပါရှိသော်လည်း ယခုနောက်ဆုံးသတင်းအရ သေဆုံးသူ ၂၀ ဦး
ဖြစ်လာပါတယ်။ ဆက်စပ်ရရှိသော သတင်းများအရ တရုတ်ဖက်တွင်လည်း ၄၃ ဦးသေဆုံးကြောင်း သိရှိရသည်ဟု အိန္ဒိယသတင်းစာက ယနေ့ရေးသားလိုက်ပါတယ်။ သို့သော် တရုတ်အစိုးရအာဘော် သတင်းစာက ရေးသားရာတွင်မူ နှစ်ဖက်ကိုယ်ထိ လက်ရောက်ပဋိပက္ခဖြစ်ပွားရာ၌ နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုရှိသည်ဟု တရုတ်အာဏာပိုင်တို့က ပြောဆိုသော်လည်း အရေအတွက် အတိအကျဖော်ပြခြင်းမရှိကြောင်း၊ ပိုင်ဆိုင်မှုအတိအကျမဆုံးဖြတ်ရသေးသော နယ်မြေ၌ နှစ်နိုင်ငံ အမှန်တကယ်ထိန်းချုပ်မျဉ်းကို အိန္ဒိယတပ်ဖွဲ့ဝင်များက ၂-ကြိမ်တိုင်တိုင် ကျူးကျော်ဝင်ရောက်ကာ တရုတ်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အိန္ဒိယအနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်ကို လေးစားရန် လိုအပ်ကြောင်း ရေးသားသည်ကို တွေ့ရှိရပါတယ်။ ပိုင်ဆိုင်မှုအငြင်းပွားလျှက်ရှိသောနှစ်နိုင်ငံနယ်စပ်တွင် ယခုတစ်ကြိမ်အပါအဝင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၅ နှစ် ကျော်အတွင်း နှစ်ဖက်စလုံးက သေနတ်လက်နက် အသုံးပြုပစ်ခတ်ခဲ့ခြင်းမရှိကြောင်း အိန္ဒိယက ပြောဆိုခဲ့ပါတယ်။ လက်နက်အသုံးမပြုကြသော်လည်း မည်သည့်နည်းနှင့် လူသေဆုံးရသည်ကို
ရှင်းလင်းမသိရှိရသော်လည်း ကျောက်တုံး၊ တင်းပုတ်များဖြင့် နှစ်ဖက် တိုက်ခိုက်ကြခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ ဒေသခံများကတော့ အိန္ဒိယစစ်သားတွေဟာ ရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။
Crd..
#k.k#
Comments
Post a Comment